Sunday, December 20, 2015

မစစ္ဆေနှင့် စစ္ဆေ ( မင်းသုဝဏ် )

မစစ္ဆေနှင့် စစ္ဆေ
မင်းသုဝဏ်

 ပျို့လင်္ကာတို့တွင် ရှေးဆရာတို့ သုံးနှုန်းခဲ့သော ဝေါဟာရများစွာတို့သည် ယခုလောကတွင် မသုံးတော့ပြီး ဖြစ်၍ အနက်တိမ်မြုပ် ခက်ခဲလျက် ရှိကြလေပြီ။ သို့သော်လည်း စနစ်တကျ လေ့လာဆင်ခြင် သုံးသပ် တတ်လျှင်ကား ထိုဝေါဟာရတို့၏ အနက်မှာ ပြန်လည် ပေါ်လွင်ရပြန်သည်။ ကမ္ဘာအရပ်ရပ်တွင် ပေါ်ပေါက် ခဲ့သော ပျို့လင်္ကာစာကြီး ပေကြီးတို့တွင် အနက် တိမ်မြုပ်ခဲ့သော ဝေါဟာရအများ ပါဝင်လျက်ရှိသည်။ သို့သော် ပညာရှိတို့၏ စနစ်တကျ လေ့လာဆင်ခြင်မှုကြောင့် ထိုပျို့လင်္ကာစာကြီးပေကြီးတို့၏ အနက်အဓိပ္ပါယ်တို့မှာ မူလ ရေးရင်းဆရာတို့၏ ခေတ်ကာလအခါက ထင်ရှားပေါ်လွင်သကဲ့သို့ပင် ပြန်လည် ထင်ရှားပေါ်လွင် ကြရပြန်သည်။ 

 မြန်မာနိုင်ငံတွင် ပျူစကား တိမ်ကောပပျောက်ခဲ့သည်မှာ နှစ်ပေါင်းရှစ်ရာခန့်ရှိပြီဟု ခန့်မှန်းရပေမည်။ သို့သော်လည်း ကျောက်ထက် အက္ခရာတင်ခဲ့သော ပျူစာတို့ကို ပညာရှိတို့သည် မနားမနေ စနစ်တကျ လေ့လာ ဆင်ခြင်သုံးသပ်မှုကြောင့် ပျူကျောက်စာတို့၏ အနက်အဓိပ္ပါယ်တို့မှာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ် ခဲ့ရာမှ ပြန်လည်ပေါ်လွင် လာရပြန်သည်မှာ အထင်အရှားပင် ဖြစ်ပေသည်။ ကျွန်တော်တို့ကား ဝေါဟာရ များနှင့် ဆက်ဆံနေရသူဖြစ်သဖြင့် ဤပြဿနာမျိုးကို ခဏခဏတွေ့ရသည်။ ခဏခဏ ရှင်းရသည်။ ပျို့လင်္ကာတို့တွင် ပါရှိသော ဝေါဟာရဟောင်းတို့သည် လက်အမျိုးမျိုးပြောင်းခဲ့ရသည်ဖြစ်၍ အချို့လည်း နဂိုမူ ပျောက်ကာ ဖြစ်ချင်တိုင်း ဖြစ်နေကြရရှာသည်။ စာဖတ်သူတို့ကလည်း မိမိတို့ ဉာဏ်မှီသမျှ အမျိုးမျိုးအဖုံဖုံ အနက်ဖော်ကြသည်။ တစ်နေ့သောအခါ တပည့်တစ်ယောက်သည် သလ္လာတိယပျို့ အပုဒ် ၇၉လာ အောက်ပါစာပိုဒ်တို့ကို ပြ၍ “မစစ္ဆေ” ဟူသော ဝေါဟာရ၏ အနက်ကို မေးလာပါသည်။

 “မိစ္ဆာလွှမ်းရစ်၊ သူရိုင်းစစ်သို့
 ကပျစ်ကညစ်၊ စေးပျစ်ပြောထူ
 လူမရောက်လာ၊ မအပ်စွာလျက် 
 မရာမရေ၊ မစစ္ဆ၍
 ဧကစာရီ၊ မင်းမပီခဲ့”

 သလ္လာတိယမင်းကြီးသည် မုဆိုး၏ ဟန်ပန်ဖြင့် လူသူရောက်ပေါက်ခဲသော တောနက်ထဲသို့ တစ်ယောက်ထီးတည်း မအပ်မရာ မသင့်မလျော် ဝင်ရောက်လာသည်မှာ မင်းမပီဟူ၍ ဖွဲ့ဆိုထားခြင်း ဖြစ်ပေသည်။ စကားစပ်ကို ထောက်၍ ကြည့်လိုက်သောအခါ “မစစ္ဆေ” ဟူသော ဝေါဟာရဟောင်း၏ အနက်မှာ မအပ်မရာ၊ မသင့်မလျောင်၊ မတော်မတန် ဟုဖြစ်သင့်သည် ထင်မိပေသည်။ သို့သော်လည်း စနစ်တကျ လေ့လာဆင်ခြင်သုံးသပ်လို သူသည် သက်သေ တစ်ခုတည်းနှင့် တင်းမတိမ်ရာ။ သက်သေအများကို ရှာဖွေ၍ စကားစပ်နှင့် ညှိနှိုင်းကာ နှိုင်းချိန်ဆင်ခြင်ရန် လိုပေသေးသည်။ သလ္လာတိယပျို့ဆရာ တွင်းသင်း မင်းကြီးသည် ဤဝေါဟာရကို အခြားနေရာတို့၌ သုံးပါသေးသလော။ သုံးလျှင်မည်သို့သော စကားစပ်၌ သုံးပါသနည်း။ မည်သို့သော အနက်ထွက်နိုင်ပါမည်လဲ။ ဤမေးခွန်းတို့ကို အခြေပြုကာ လေ့လာသောအခါ မင်းကြီး၏ ဝေဿန္တရာပျို့ အပုဒ် ၁၉၉တွင် အောက်ပါအတိုင်း တွေ့ရပေသည်။

 “ဇာတာလဂ်တွင်း၊ အင်္ဂါနင်း၍
 မရှင်းခိုက်နှင့်၊ အကြိုက်သင့်လျက်
 တောမြင့်အလယ်၊ မယ်သွားမိချေ
 မစစ်ဆေသား၊ မခြေစွာဘိ
 ဝိပါတ်ငြိ၍၊ မဒ္ဒိကိုယ်လုံး
 ဆုံးခဲ့ပြီလော့။”

 လဂ်တွင် အင်္ဂါစီးနင်းခိုက် မဒ္ဒီဒေဝီသည် တောသို့သွားမိသဖြင့် မသင့်မလျော် မခြေမငံသော ဝိပါက်၏ အငြိအတွယ်ကိုခံရကာ မိမိ၏ ခန္ဓာကိုယ်သဖွယ် ချစ်ခင်အပ်သော ကဏှာနှင့်ဇာလီ သားနှင့်သမီး တို့ကို ဆုံးရှုံးရလေသလောဟု တွေးတောညဉ်းညူပုံကို ဖွဲ့ထားခြင်းဖြစ်ပေသည်။ ဤစကားစပ်နှင့် ညှိနှိုင်း၍ လေ့လာပြန်သောအခါတွင်လည်း “မစစ်ဆေ” ဟူသော ဝေါဟာရဟောင်း၏ အနက်မှာ “မအပ်မရာ၊ မသင့်မလျော်၊ မတော်မတန်” ဟုပင် ဖြစ်သင့်သည်ထင်မိသည်။
 တွင်းသင်းမင်းကြီးကား ရှေးဆရာကျော်ဆရာမြတ်တို့၏ အဆိုအမိန့်တို့ကို အထူးလေ့လာ စွဲမှတ်သူ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လေ့လာစွဲမှတ်ရုံမျှမကသေး မိမိ၏ စာတို့ တွင်လည်း ထိုအဆိုအမိန့်တို့ကို ထည့်သွင်း စပ်ဆိုကာ ပြန်လည်ထုတ်ဖော်လေ့ရှိလေသည်။ ဤအချက်ကိုတွေးမိသောအခါ ရှေးစာဟောင်းတို့တွင် ဤ ”မစစ်ဆေ” ဟူသော ဝေါဟာရကို ရှာရန် စခန်းကျန်ပေသေးသည်ဟု တစ်ဆင့်တွေးမိပြန်သည်။ ထို့ကြောင့် ရှာပြန်သော် သုဝဏ္ဏသျှံ သစ္စာခန်းပျို့ အပုဒ် ၇၉တွင် အောက်ပါအတိုင်း တွေ့ရပေသည်။ 

 “ကာသိကရာဇ်၊ မင်းအဖြစ်ဖြင့်
 စုလစ်သွန်းသွန်း၊ ရွှေဘုံနန်းဝယ်
ကြငှန်းမင်းကျော်၊ မနေပျော်တည့်။

 ပေါင်းဖော်မဲ့ပြီး၊ ကိုယ်အထီးဖြင့်
 တောကြီးနက်စွာ၊ ရောက်တုံလှာ၍
 အစာမြိန်ရှက်၊ ကင်ပြုတ်ချက်လည်း
 မင်းလက်မင်းခြေ၊ မစစ္ဆေရှင့်”

 ဗာရာဏသီမင်းကြီးသည် ထီးနန်းစည်းစိမ်တွင် မပျော်ပိုက်နိုင်ပဲ တစ်ကိုယ်ထီးတည်း တောသို့ထွက်ကာ အမဲပစ်၍ ချက်ပြုတ်သည်မှာ မင်းခြေမင်းလက်ဖြင့် ချက်ပြုတ်ရသည်ဖြစ်၍ မသင့်မလျော်ပါ တကားဟု ဖွဲ့ထားခြင်းဖြစ်ပေသည်။ သလ္လာတိယမင်းကြီး၏ အဖြစ်သနစ်နှင့် အလွန်တူပေသည်။ ထိုအဖွဲ့နှစ်ခုကို အသေအချာ နှိုင်းရှည့်ဆင်ခြင်လျှင် တွင်းသင်းမင်းကြီးသည် သစ္စာခန်းပျို့၏ သြဇာကိုခံလျက် သလ္လာတိယမင်းကြီးကို ဖွဲ့လေရော့သလားဟုပင် တွေးထင်မိပါတော့သည်။ ဤစကားစပ်နှင့် ညှိနှိုင်း၍ လေ့လာပြန်သောအခါတွင်လည်း “မစစ်ဆေ”၏ အနက်အဓိပ္ပါယ်မှာ “မအပ်မရာ၊ မသင့်မလျော်၊ မတော်မတန်”ဟုပင် ဖြစ်သင့်သည်ထင်မိပြန်သည်။

 သစ္စာခန်းပျို့တွင်မှတပါး အခြားပျို့ဟောင်းတို့တွင် ဤဝေါဟာရကို တွေ့နိုင်ပါသေးသလား။ စုံစမ်းနိုင်သမျှ လိုက်လံစုံစမ်းရန် စခန်းကျန်ပေသေးသည်။ ထို့ကြောင့် စုံစမ်းပြန်သောအခါ ပါရမီတော်ခန်းပျို့ အပုဒ် ၁၄၃တွင် အောက်ပါစကားစပ်ဖြင့် တွေ့ရပေသည်။

 “မြေတလည်လည်၊ အတိုင်းတည်သို့
 အောင်စည်ဆုယူ၊ ရှင်တုံမူလည်း
 ရွာသူပြည်သား၊ မြတ်ရာထား၍
 အများပူဇော်၊ ကောင်းချီးငေါ်ဖြင့်
 ဖော်သော်လည်းကောင်း
 ဆဲမောင်းဖျောဖျော်၊ ခေါင်းဦးကျော်၍
 မတော်သူလေ၊ မစစ်ဆေမှု
 ပြုသော်လည်းကောင်း။”

 မိမိအပေါ်သို့ မကောင်းသောအရာကို ချသော်၎င်း၊ ကောင်းသောအရာကို ချသော်၎င်း၊ မဟာ ပထဝီမြေကြီးသည် ဂရုမပြု၊ လျစ်လျှူသာနေ၏။ ထိုနည်းတူစွာ သုမေဓာရသေ့သည်လည်း သူတစ်ပါးက မြတ်ရာထား၍ ပူဇော်ချီးပင့်သော်၎င်း၊ သူလေသူလွင့်တို့က တဖွဖွဆဲဆိုကြိမ်းမောင်းခြင်း၊ ဦးခေါင်းကို နင်းကျော်ခြင်းစသော မသင့်လျော်သည့် အမှုတို့ဖြင့် စော်ကားသော်၎င်း ဝမ်းလည်းမသာ၊ စိတ်လည်းမဆိုး၊ လျစ်လျှူပြုတော်မူ၏ဟု ဖွဲ့ဆိုထားခြင်းဖြစ်သည်။

 ဤစကားစပ်နှင့် ညှိနှိုင်း၍ လေ့လာပြန်သောအခါတွင်လည်း “မစစ်ဆေ”၏ အနက်မှာ “မအပ်မရာ၊ မသင့်မလျော်၊ မတော်မတန်”ဟုပင် ဖြစ်သင့်သည် ထင်မိပြန်သည်။ ဤသို့ အနုလုံပဋိလုံ ဆင်ခြင်ပြီးမှ စကားတစ်လုံး၏ အနက်ကို ရေးရေးပေါ်အောင် ဖော်နိုင်တော့သည်။ ကျွန်တော်ဖော်သော အနက်သည် မှန်ချင်မှလည်း မှန်ပေမည်။ သို့သော် သက်သေတို့ကို ပြထားပြီးဖြစ်ပါ၍ ပညာရှင်တို့သည် မိမိတို့၏ ဉာဏ်အလျောက် ဆင်ခြင် ယူဆနိုင်ကြပေသေးသည်။

 ကောင်းပြီ။ မစစ္ဆေဆိုသည်မှာ “မသင့်လျော်”ဟု အနက်ထွက်ကြောင်းကို ဆရာဆို၏။ သို့ဖြစ်က “စစ္ဆေ”ဆိုလျှင် “သင့်လျော်သည်”ဟု အနက်ထွက်ပါမည်လားဟူ၍ သူမေးဖွယ် ရှိပေသည်။ ဤသို့ အနက်ထွက်နိုင် မထွက်နိုင်ကို မပြောတတ်ပါ။ အကြောင်းမှာ ဤသို့ အနက်ထွက်နိုင်သော ရေးထုံးစပ်ထုံးကို မတွေ့ဘူးသေးသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်သော်လည်း စစ္ဆေဆိုသော ဝေါဟာရတစ်လုံးကိုကား စာပေလောကတွင် အထင်အရှား တွေ့နေရပေသေးသည်။ ယင်းဝေါဟာရပါဝင်နေသည့် စာပိုဒ်များကို အောက်တွင် ဖော်ပြပါအံ့။ ဖတ်ကြည့်ကြလျှင် အနက်ကို ထင်နိုင်ကြပါလိမ့်မည်။

 အောက်ပါစာပိုဒ်တို့မှာ ဘူရိဒတ်ဇာတ်ပေါင်းပျို့အပုဒ် ၂၂မှ ဖြစ်၍ သုဘောဂနဂါးမင်းသားက သူယုတ်ပုဏ္ဏားအား ရေတွင်နှစ်နေပုံကို ဖွဲ့ဆိုထားခြင်းသည်။
 “စစ္ဆေပုဏ္ဏား
 ခေါင်းဖျားခပ်မော်၊ ထောင်လျက်ပေါ်မူ
 ထိုရော်တဖန်၊ နှစ်လိုက်ပြန်သည်
 အမှန်သေလျှင်၊ နီးလတ်တည်း။”

 အောက်ပါစာပိုဒ်တို့ကား ဘုံခန်းပျို့ အပုဒ် ၅၈မှဖြစ်၍ ဤတွင် အနည်းအကျဉ်း ရှင်းလင်း ဖော်ပြရုံနှင့် သဘောပေါက်ရန်ခဲယဉ်းပေသည်။ 
 “သေမင်းခိုးငတ်၊ မောသောလွှတ်လည်း
 ဥပဒ်စစ္ဆေ၊ မျှော်ကာနေလျက်
 လက်ခြေလျှော့အောင်၊ မျောက်နှဲထောင်သို့
 ဆွေမောင်ရွယ်ပျို၊ ငယ်သားကိုယ်က
 ကုသိုလ်ဆည်းပေါင်း၊ ပြုအပ်ကောင်းဟု”

 အောက်ပါစာပိုဒ်တို့ကား သြဝါဒထူးပျို့ အပုဒ်၎မှ ဖြစ်၍ အဓိပ္ပါယ်လွယ်ကူပါသည်။
 “ဖုတ်စစ္ဆေနှင့်၊ ကင်းမြွေထူထဲ
 ကျားရဲသစ်ရူး၊ ဘီလူးရှိရပ်
 ပေါ်လျှပ်ကောက်ကျစ်၊ မူညစ်သွမ်းဆိုး
 သူခိုးဖမ်းရာ၊ ကန္တာရတော”

 အောက်ပါ စာပိုဒ်တို့ကား ဓမ္မရာသီပျို့ အပုဒ် ၁၁၅မှ ဖြစ်၍ အဓိပ္ပါယ်မခက်ပါ။
 “ပညာမတတ်၊ လှည့်ပတ်ရှာဖွေ
 တောင်းယမ်းနေလည်း၊ စစ္ဆေအသွင်
 ဖော်မဝင်တည့်”

 အောက်ပါ စာပိုဒ်တို့ကား နာဒရပျို့ အပုဒ် ၁၄၅မှ ဖြစ်၍ အနက်ရ လွယ်ပါသည်။
 “ငါးတန်ကာမ၊ မက်မောလှလျက်
 ဗာလသဟဲ၊ မိုက်မဲတွေဝေ
 လူစစ္ဆေတို့၊ ကလေဝရ
 ဘူမရပ်ဌာန်၊ သုသာန်တခွင်
 တစလွင်ကို၊ မြေပြင်ပြည့်ရုံ”

 အောက်ပါ စာပိုဒ်တို့ကား ဗျူဟစက္ကီပျို့ အပုဒ် ၁၈မှ ဖြစ်၍ အနက်ရ လွယ်ကူပါသည်။
 “စစ္ဆေမထူး၊ စွယ်ပြူးပြူးတိ
 ဘီလူးရင်ဆိုင်၊ တွေ့ကြပြိုင်မူ
 သံတိုင်ကျောက်ခဲ၊ ရှောင်မလွှဲသား
 သူရဲလူလွန်၊ တို့ရှင်ကျွန်တို့”

 အောက်ပါ စာပိုဒ်တို့ကား မွေ့နွင်းရကန် စာမျက်နှာ ၂၄မှ ဖြစ်၍ အနက်ရ လွယ်ကူပါသည်။
“ခိုးသားမုဒိမ်း၊ ခပ်သိမ်းအပြစ်
ကျားသစ်ဆင်မြင်း၊ မြွေကင်းထူထပ်
နတ်ရဲမိစ္ဆာ၊ ဥပါစစ္ဆေ
အထွေထွေမျိုး၊ စိုးရသခင်”

 အထက်ပါ ကောက်နှုတ်ချက်တို့တွင် ဘူရိဒတ်ဇာတ်ပေါင်းနှင့် ဘုံခန်းတို့မှ လာသည့် “စစ္ဆေ”၏ အနက်ကို ကောက်ယူဘို့ရန် မလွယ်ကူလှပေ။ “မကောင်းသောအရာ၊ ဆိုးသောအရာ”ဟု ကောက်ယူရမည်သို့ ရှိသည်။ ထိုအင်းဝခေတ်စာများကို အတုယူကာ ရေးသည်ဟု မှတ်ယူဖွယ်ရှိသော ကုန်းဘောင်ခေတ်ပေါ် သြဝါဒထူးပျို့၊ ဓမ္မရာသီပျို့စသည်တို့တွင် လာသည့် “စစ္ဆေ”ကား ယခုအခါ “တစ္ဆေ”ဟုခေါ်သော မကောင်းဆိုးဝါးကို ဟောသည်မှာ ထင်ရှားသည် ထင်မိပေသည်။ လှေသင်းအတွင်းဝန် ဦးချိန်ကလည်း တဇ္ဇတ္တဒီပနီတွင် ရှေးက စစ္ဆေခေါ်သည်ကို နှောင်းသောအခါ တစ္ဆေခေါ်ကြောင်း ဖော်ပြခဲ့ပေသည်။

 ထို့ကြောင့် “မစစ္ဆေ (မသင့်မလျော်)တွင်ပါသည့် စစ္ဆေနှင့် မကောင်းဆိုးဝါးဟော စစ္ဆေတို့မှာ အရေးပင် တူကြငြားသော်လည်း အနက်ကွဲ၊ အမျိုးခြားစကားနှစ်လုံးဖြစ်သည်ဟု ယူမှတ်ဘွယ်ရှိပေသည်။ 
ကောင်းစွာဆင်ခြင်ကြပါဦးလော့။

မင်းသုဝဏ်
(ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများ)

Saturday, December 19, 2015

ကုသီတ-ပျင်းရိသူ

ကုသီတ-ပျင်းရိသူဟာ
@အလုပ်မလုပ်ဘဲ 
ချောင်ခိုနေသူဖြစ်လို့
အများတကာတို့ရဲ့
အမြင်ကတ်တာလဲခံရတတ်တယ်၊
@အလုပ်မလုပ်ဘဲ
ဘော်ကြော့နေသူဖြစ်လို့
အများတကာတို့ရဲ့
ဆဲရေးတာလဲခံရတတ်တယ်၊
@မကောင်းတဲ့အာရုံတွေပေါ်မှာပဲ
အမြဲစိတ်ရောက်နေသူဖြစ်လို့
မကောင်းမှုအကုသိုလ်တွေနဲ့ပဲ
နပန်းလုံးနေသူလဲဖြစ်တယ်၊
@ဘာလုပ်ငန်းမှ မလုပ်ဘဲနေသူမို့
အကျိုးစီးပွား အမျိုးမျိုးမှ
ဆုတ်ယုတ်နေသူလဲဖြစ်တယ်၊
@ထိုင်းမှိုင်းငြီးငွေ့သောအာရုံကို
အမြဲတမ်းခံစားနေသူဖြစ်လို့
ကျက်သရေလဲ မရှိပါဘူး၊
@လုံ့လနည်းပါးသူ 
လေးကန်သူဖြစ်လို့
အရာရာသူများနောက်ကပဲ
နေရတတ်တယ်၊
@နောက်ပြီး--ပျင်းရိသူဟာ
ငပျင်းဘဝမှ ငဖျင်းဘဝသို့လဲ
ရောက်တတ်ပါတယ်၊

(ရှေ့တန်းရောက်လိုသူတိုင်း
ပျင်းရိသူဘဝကိုကျော်လွှား
နိုင်ကြပါစေ။)

Thursday, December 17, 2015

စာချတန်းအတွက် အသုံးဝင်သော မှတ်စုတိုများ ( ၁ )

                စာချတန်းအတွက် အသုံးဝင်သော မှတ်စုတိုများ   
                        &&&&&&&&&&&&&&&&&&     
       ကုတ္တဝါလေဟီတိ သောဘာကရဏတ္ထံ ကပ္ပေတုံ, ယုတ္တဋ္ဌာနေသု ကပ္ပိတဝါလေဟိ။ ဧတ္ထ စ ဝဠဝါနံယေဝ ဝါလာ ကပ္ပိတာ, န ရထာနံ, ဝဠဝပယုတ္တတ္တာ ပန ရထာပိ ‘‘ကုတ္တဝါလာ’’တိ ဝုတ္တာ။  ( ဒီဋ္ဌ ၊၂၄၅ )

          ဆရာ မြတ်စွာဘုရားသည် ပါဠိတော်၌ ကုတ္တဝါလေဟိ ဝါဠရထေဟိ ပါဌ်ဖြင့်
ရထားတို့ကို ကုတ္တဝါလတို့ဟူ၍ ဟောတော်မူ၏။ 
(  ကိဉ္စာပိ ကာမဉ္စနှင့်တကွတက်မူ အနက်ဝစ္စ ကျိုးဖလဝယ် မုချ မနစ်သက်၍ တက်ရာသော်  ) နိယံအရ အနက်အကျိုးရောက်အောင်တက်ရာသည် ( ဌပနာကိုင်ရသည် ) ထားနေကျ ပါဠိတော်ကိုသာ မကိုင်ရ ပါဠိ၏ အနက်ရောက်အောင်ကိုင်ရသည်။ 
.....................................................................................................

ဝစနာဒိစတုက္က ထုတ်ရာ၌ ပရိဟာရဘောဂဖြစ်ထိုက်သောပုဒ်သည် ဟိတ်ပုဒ်ဖြစ်နေခဲ့သော် အဲ့ဒိ ... ဟိတ်ပုဒ်
ကို ပထမာဝိဘတ်ပြင်၍ ကြိယာထည့်ကာ ပရိဟာရဘောဂ လုပ်ပါလေ။ 
......................................................................................................
ပုစ္ဆာဝါကျနှင့် ပါတ်သက်၍ “ပုစ္ဆာ စောဒနာ သင်္ခေပါနှင့် ဟေတုဝါကျတ် ဤလေးရပ်
မှတ်အပ် ပစ္ဆာဝါကျတည်း”ဟု ရှေဆရာတို့ဆိုကြသည် ထို့ကြောင့် ပုစ္ဆာဝါကျတွေ့တိုင်း အထက်ပါလေးဝါကျကို ရ၏ဟုဉာဏ်၌ သွင်းပါလေ။
......................................................................................................
သေယျထိဒန္တိ ၊ သေယျထိဒန္တိဟူသည်ကား ( ဧကပဒ / သဒ္ဒပဒတ္ထကနိပါတ်ပုဒ် )
သေယျထိဒန္တိ ၊ သေယျထိဒံ ဣတိ-ဣမဿပဒဿ ၊ သေယျထိဒံဟူသော ဤပုဒ်၏
( ဒွိပဒ )
......................................................................................................
သမာသ်ပုဒ် တစ်စိတ်က ကံကိုဟောနေသော်လည်း အညပုဒ်က ပြုတတ်တဲ့ ကတ္တု
သတ္တိမရှိလျှင် တတိယာဗဟုဗ္ဗီဟိမဆိုဘဲ ဧတဿာတိ( စတုတ္ထီ ဆဋ္ဌီ )ဟု ဆိုရသည်။
......................................................................................................
ဓမ္မောတိ ၊ ဓမ္မောဟူသည်ကား ( ဣတိကို ပဒတ္ထ ဝိပလ္လာသ ကြံ )
ဓမ္မောတိ ၊ ဓမ္မောမည်သည်ကား ( ဣတိကို နာမတ္ထ ကြံ )  မစိုးရိမ်အဖြေ စာ ၁၂၅
......................................................................................................
လမ္ဗောကဏ္ဏော ဉာသ်ကောက်ရာ၌ ယ-အညပုဒ်အရကား ထိုမုချ---   
                         မှတ်အပ်သော ရှည်သောနားရှိသူ ရ၏။ ( တဂ္ဂုဏသံဝိညာဏ 
                         သမာသ် )
ဒိန္နသုင်္ကော       ဉာသ်ကောက်ရာ၌ ယ-အညပုဒ်အရကား ထိုမုချ---
                        မှတ်အပ်သောမင်းဒြပ် ရ၏ ( အတဂ္ဂုဏသံဝိညာဏ သမာသ် )
              မှတ်ချက်  ။   ။ ပေးအပ်သော အခွန်ရှိသောမင်း ရ၏ဟု မကောက်ရ
ဤကား သမာသ်နှစ်ပါး၏ အထူးတည်း ။
......................................................................................................
စိ နိပါတ်အဆုံးရှိသော ယံကိဥ္စိကား အနဝသေသပရိယာဒါနတ္ထ ။
နိဒ္ဒေသနယော ပဋိသမ္ဘိဒါနယော ဝါ ၌ ဝါသဒ္ဒါသည် ၂မျိုးလုံးရလျှင် သမုစ္စည်း
၁မျိုးမျိုရလျှင် ဝိကပ် ဤနေရာ၌မည်သည့်နည်းဟု သတ်မှတ်ချက်မရှိသောကြောင့်
ဝါသဒ္ဒတစ်လုံးဖြင့်သာရေး၍ ယင်းဝါသဒ္ဒါကို အနိယမတ္ထ ဝါသဒ္ဒါဟု မှတ်
......................................................................................................
                    ဣတိ သဒ္ဒါကို ဖြစ်သင့်သမျှ အနက်ပေးပုံ 
တံခေါပနာတိ ။ တံခေါပနဤသို့သော စကားလျှင် အပိုင်းအခြားရှိသော  
                      စကားသည်           ( မရိယာဒ )
                      တံခေါပနဤသို့သော စကားလျှင် အတူရှိသော စကားသည်
                                                 ( တုလျာ )
                      တံခေါပနဤသို့သော စကားလျှင် အပြားရှိသော စကားသည်
                                                 ( ဘေဒ )
                      တံခေါပနဤသို့သော စကားလျှင် အနီးရှိသော စကားသည် 
                                                 ( သမီပ )
                      တံခေါပနဤသို့သော စကားလျှင် အစိတ်ရှိသော စကားသည်
                                                ( အဝယဝတ္ထ )
 ( ဝါ )              တံခေါပန ဟူသောစကားသည် ( ပဒတ္ထဿဝိပလ္လာသ )
                      တံခေါပန ဟူသော အပြီး စကားသည် ( ပရိသမာပနတ္ထ )
( တစ်နည်း )    တံခေါပနာတိဝစနေန ၊ တံခေါပနဟူသောဤစကားဖြင့် ။
                     ဒဿိတံ၊ ပြအပ်သော ။ ပဒတ္တယံ၊ ပုဒ်သုံးခုတို့၏ အပေါင်းသည်။
ကျမ်းညွှန်း ( စလင်းဂဏ္ဍိ ပိဋ္ဌင်္က ၂၆ / ၂၇ )